ဦးနှောက် သွေးကြောဖောင်းခြင်းအကြောင်းသိကောင်းစရာ
ဦးနှောက်ရဲ့ သွေးကြောမှာ ချယ်ရီသီးတစ်လုံး အညှာကနေ တွဲလောင်းကျနေသလို အဖောင်းက သွေးကြောနံရံကနေ တွဲလောင်းကျနေတာမျိုးကို ဦးနှောက်သွေးကြောဖောင်းခြင်း (brain aneurysm ) လို့ခေါ်ပါတယ်။
ဒီသွေးကြောဖောင်းကနေ သွေးယိုစိမ့်တာ၊ ပေါက်ထွက်တာတွေ ဖြစ်ပြီး ဦးနှောက်နဲ့ ဦးနှောက်ကို ကာထားတဲ့ အမြှေးပါးကြားမှာ သွေးအိုင်သွေးထွက်ကာ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။
ဒီလို ဦးနှောက်သွေးကြောဖောင်း ပေါက်ထွက်သွားရင် အသက်အန္တရာယ်ရှိပါတယ်။ ထိရောက်တဲ့ ကုသမှု အချိန်မီ ရယူဖို့လိုပါတယ်။ များသောအားဖြင့် မပေါက်ထွက်ခင်မှာ ရောဂါလက္ခဏာပေါ်လာတဲ့အတွက် ဆရာဝန်ရဲ့ စမ်းသပ်ချက်တွေမှာ ရောဂါရှိကြောင်း သိရှိသွားတာ များပါတယ်။
ရောဂါလက္ခဏာတွေဟာ
၁) ပေါက်ထွက်သွားတဲ့ သွေးကြောဖောင်း၊
၂) သွေးယိုစိမ့်တဲ့ သွေးကြောဖောင်း၊
၃) မပေါက်သေးတဲ့ သွေးကြောဖောင်း စတဲ့ အမျိုးအစားအလိုက် အနည်းငယ် ကွာဟတတ်ပါတယ်။
၁) ဦးနှောက်သွေးကြောဖောင်း ပေါက်ထွက်သွားတဲ့အခါ အသိသာဆုံး အဓိက
လက္ခဏာမှာ ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ခြင်း ဖြစ်ပါတယ်။ ကြုံဖူးသမျှ ခေါင်းကိုက်တဲ့ပုံစံတွေမှာ အဆိုးဝါးဆုံး ခေါင်းကိုက်ဝေဒနာ လို့ဆိုကြပါတယ်။ ခေါင်း အပြင်းအထန်ကိုက်တာအပြင် ပျို့အန်မယ်၊ ဇက်ကြောတောင့်၊ အမြင်ဝါးတာ၊ ပုံရိပ်နှစ်ထပ်မြင်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ မျက်ခွံတွဲကျတာ၊ အသိစိတ် ထွေပြားတာ၊ သတိလစ်တာ၊ တက်တာ တွေ ဖြစ်တတ်ပါတယ်။
၂) အချို့သွေးကြောဖောင်းများဟာ သွေးအနည်းငယ် ယိုစိမ့်ပါတယ်။ ဒီယိုစိမ့်မှုကြောင့် ခေါင်းရုတ်တရက် အပြင်းအထန်ကိုက်ခြင်း တစ်မျိုးကိုသာ ခံစားရစေပါတယ်။
၃) မပေါက်သေးတဲ့ သွေးကြောဖောင်းကတော့ အရွယ်အစားသေးရင် တစ်ခါတစ်လေ ရောဂါလက္ခဏာမပြတာမျိုးပင် ရှိတတ်ပါတယ်။ အရွယ်အစားကြီးရင်တော့ ဦးနှောက်တစ်ရှူးနဲ့ အာရုံကြောတွေကို ဖိမိနိုင်တဲ့အတွက် မျက်လုံးတစ်လုံးရဲ့ အပေါ် (သို့) အောက်မှာ နာတတ်တယ်၊ မျက်စိသူငယ်အိမ် ကျယ်နေမယ်၊ အမြင်ပြောင်းတာ၊ ပုံရိပ်နှစ်ထပ် မြင်တာတွေ ဖြစ်တတ်တယ်၊ မျက်နှာ တစ်ခြမ်းထုံတတ်ပါတယ်။
ဦးနှောက်သွေးကြောဖောင်း အများစုရဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရှိပါ။
- သွေးကြောနံရံ မခိုင်ခံ့တာ၊
- ဆေးလိပ်သောက်တာ၊
- အသက်အရွယ်ကြီးတာ၊
- သွေးဖိအားများပြီး သွေးတိုးတာ၊
- မူးယစ်ဆေး သုံးစွဲတာ၊
- အရက် အလွန်အကျွံသောက်တာ စတဲ့အချက်တွေကြောင့် အချိန်ကြာလာတဲ့အခါ သွေးကြောကို ဖောင်းထွက်လာစေ၊ ပေါက်စေပါတယ်။
အချို့လူများမှာတော့ မွေးကတည်းက ပါလာတာမျိုးရှိပါတယ်။
- မွေးရာပါ သွေးကြောတစ်ရှူးများ အားနည်းခြင်း၊
- ကျောက်ကပ်မှာ ရေအိတ်များတည်ခြင်း၊
- ဦးနှောက်ရဲ့ သွေးကြောတည်ဆောက်ပုံ လွဲမှားခြင်း၊
- မိသားစု မျိုးရိုးမှာ ရောဂါရာဇဝင်ရှိခြင်း၊
- ပင်မသွေးလွှတ်ကြောကျဉ်းခြင်း စတဲ့ရောဂါအခြေအနေတွေမှာ တွေ့ရနိုင်ပါတယ်။
ဦးနှောက်သွေးကြောဖောင်းဟာ ဖိအားများများနဲ့ ပေါက်ထွက်တဲ့အခါ ပတ်လည်မှာရှိတဲ့ ဦးနှောက်ဆဲလ်များမှာ သွေးနဲ့ အောက်စီဂျင် ပြတ်လပ်မှုကြောင့် ဆဲလ်များ ပျက်စီးကာ သတိလစ်သေဆုံးတဲ့အထိ ဖြစ်စေပါတယ်။ ဦးနှောက်သွေးကြောဖောင်း ပေါက်ထွက်ပြီးတဲ့အခါ သွေးပြန်ယိုတတ်ပါတယ်။ ဦးနှောက်သွေးကြောကျဉ်းတတ်ပါတယ်။ ဦးနှောက်မှာ အရည်တွေ စုတတ်ပါတယ်။ သွေးတွင်း ဆိုဒီယမ်ပမာဏကို ကျစေပါတယ်။
ဒါကြောင့် ခေါင်းကိုက်ခြင်းဟာ ခါတိုင်းနဲ့မတူဘဲ အရမ်းပြင်းထန်ပြီး ရုတ်တရက်ဖြစ်လာတယ်လို့ သံသယရှိရင်၊ အကိုက်အခဲပျောက်ဆေးနဲ့ ရက်အနည်းငယ်ကြာတဲ့အထိ မသက်သာရင် ဆရာဝန်ထံ ပြသဆွေးနွေးဖို့ လိုပါတယ်။
ရေးသားသူ - Dr. MMT